Tuesday, June 19, 2012

သတင်းစာ ဆရာကြီး လူထု စိန်ဝင်း ကွယ်လွန်

သတင်းစာဆရာကြီး လူထုစိန်ဝင်းကွယ်လွန်ခြင်းအတွက် အလင်းအိမ်ရဲဘော်များမှ ၀မ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်။ (မြန်မာ ISP)

မြန်မာ နိုင်ငံမှ ၀ါရင့် သတင်းစာ ဆရာကြီး တစ်ဦးဖြစ်သူ  ဆရာ လူထု ဦးစိန်ဝင်းသည်  ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် ကွယ်လွန် အနိစ္စရောက်သွားကြောင်း သိရပါသည်။
လူထုဦးစိန်ဝင်းသည် ယခုလ ၁၇ ရက်နေ့ ည ၁၁ နာ ရီ ခွဲအချိန် ရန်ကုန်မြို့ SSC ဆေးရုံတွင် ပန်းနာ ရင်ကြပ် ရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ်ရှိပြီ ဖြစ်ကြာင်း သိရပါသည်။

ဆရာကြီး လူထုစိန်ဝင်းရဲ့ အတ္ထုပ္ပတ္တိ အကျဉ်း

လူထုစိန်ဝင်း (၁၉ ၄၀ – ၂၀၁၂)
စာရေးဆရာ သတင်းစာ ဆရာကြီး လူထုစိန်ဝင်း။
ဆရာ လူထု စိန်ဝင်းကို ၁၉၄ဝ ပြည့်နှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် အဖ ဦးသာဒင်၊ အမိ ဒေါ်ကြည်ခင် တို့က မန္ဈလေးမြို့မှာ မွေးဖွားခဲ့တယ်။ မန္ဈလေး လဖုန်း အထိမ်းအမှတ် အထက်တန်းကျောင်း (Lafon Memorial High School) တွင် ပညာ ဆည်းပူးခဲ့တယ်။ ၁၉၅၆ ခုနှစ် ကနေ ၁၉၅၉ ခုနှစ် အထိ မန္ဈလေး တက္ကသိုလ်မှာ ပညာ ဆက်လက် ဆည်းပူးခဲ့ပြီး ၁၉၆ဝ ပြည့်နှစ် ကနေ ၁၉၆၂ ခုနှစ် အထိ ရန်ကုန် တက္ကသိုလ်ကို ပြောင်းရွှေ့ ပညာ သင်ယူခဲ့တယ်။
ကျောင်းသား ဘဝ ကတည်းက လူထု သတင်းစာ တိုက်မှာ ဝင်ထွက် သွားလာ နေခဲ့ပြီး၊ လုပ်အားပေး သဘောမျိုး၊ ဝင်ရောက် ကူညီ လုပ်ကိုင် ပေးနေခဲ့တယ်။ ၁၉၆၂ ခုနှစ်မှာ အတည်တကျ အချိန်ပြည့် ဝင်ရောက် လုပ်ကိုင် ခဲ့တယ်။ လူထု သတင်းစာတိုက် မန္ဈလေးနှင့် ရန်ကုန် တိုက်ခွဲတွေမှာ အယ်ဒီတာ အဖွဲ့ဝင် တဦး အဖြစ် တာဝန် ယူခဲ့တယ်။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ လူထု သတင်းစာတိုက် အပိတ်ခံရချိန်ထိ လူထု သတင်းစာတိုက်မှာ လုပ်ကိုင်ခဲ့တယ်။
၁၉၆၉ ခုနှစ်မှာ စစ်အစိုးရ (အာဏာသိမ်း တော်လှန်ရေး ကောင်စီ) ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ကိုကိုးက္ဆွန်းသို့ ပို့ဆောင် ထိန်းသိမ်းတာကိုလည်း ခံခဲ့ရသူ ဖြစ်ပါတယ်။ ၁၉၇၂ နှစ် မှာမှ ပြန်လည် လွတ်မြောက် လာခဲ့ပါတယ်။
၁၉၈ဝ ပြည့်နှစ်မှာ လေဖြတ် ဝေဒနာကြောင့် ညာဘက် တခြမ်း သေသွားခဲ့ရာ၊ ဘဝကို အရှုံး မပေး လက်မလျော့ဘဲ ဘယ်လက်နဲ့ စာရေး လေ့ကျင့်ကာ စာပေများ ရေးသား နေဆဲ ဖြစ်တယ်။ လူငယ် လူရွယ်တွေ အတွက်လည်း အင်္ဂလိပ် စကားပြော သင်တန်း ဖွင့်လှစ်ကာ ပညာ အမွေ လက်ဆင့်ကမ်း ပေးနေဆဲ ဖြစ်တယ်။
ဆရာ လူထု စိန်ဝင်းဟာ ဝင်းဇော်၊ ဇာမဏီ စတဲ့ ကလောင် ခွဲပေါင်း ၁၅ ခုနဲ့ လူငယ် လူရွယ်တွေနဲ့ အမျိုးသမီးတွေ အတွက် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံနဲ့ ပတ်သက်တဲ့ အကြောင်းရာတွေ၊ ဘဝ အားမာန် ဖြစ်စေတဲ့ အကြောင်းရာ တွေ၊ နိုင်ငံတကာ ရေးရာ တွေကို ရေးသားလျက် ရှိတယ်။ ဘာသာပြန်နဲ့ ပင်ကိုယ်ရေး အပါအဝင် စာအုပ်ပေါင်း ၂ဝ ကျော် ထုတ်ဝေပြီး ဖြစ်တယ်။ ပင်ကိုယ်ရေး စောမိုးခမ်း ဝတ္ထုမှာ ဆရာရဲ့ ထင်ရှားတဲ့ လက်ရာ တခု ဖြစ်တယ်။
ဆရာ လူထု စိန်ဝင်းဟာ လက်ရှိ အချိန်မှာ ထွက်နေတဲ့ ဂျာနယ်၊ မဂ္ဂဇင်း အများအပြားမှာ သတင်းစာ ပညာနဲ့ ပတ်သက်တဲ့ အကြောင်းအရာ မျိုးစုံကို အများဆုံး ရေးနေသူ တဦး ဖြစ်တယ်။ အခုလို သတင်းစာ ပညာနဲ့ ပတ်သက်တဲ့ အကြောင်းရာတွေ အများအပြား ရေးနေရ တာရဲ့ ရည်ရွယ်ချက်ကို ဆရာ ဂျာနယ်နဲ့ တွေ့ဆုံ မေးမြန်းခန်း တခုမှာ အခုလို ပြောပြခဲ့ပါတယ်။
“သတင်းစာ ပညာနဲ့ ပတ်သက်တဲ့ ဆောင်းပါး တွေကို စိုက်လိုက် မတ်တတ် ရေးခဲ့ရတဲ့ အကြောင်းရင်းက သတင်းထောက်၊ သတင်းစာ အယ်ဒီတာ ဆိုတဲ့ မျိုးဆက် ပြတ်သွားမှာ စိုးလို့ပဲ။ ၁၉၈ဝ နောက်ပိုင်း ဆရာ ထောင်က လွတ်လာတော့ ကျောင်းဖွင့်တဲ့ အခါ ဆရာ့ဆီ ကျောင်းသားတွေ လာကြတယ်။ လာကြတဲ့ ကျောင်းသား တွေက ဘွဲ့ရပြီးသား လူငယ်တွေ များပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ ဆိုတဲ့ လူငယ်တွေက လူထု သတင်းစာ ဆိုတာ မကြားဖူးဘူး။ အဲဒီလို သတင်းစာ တွေကို မမြင်ဖူးဘူး။ အဲဒီအခါ ခံစား ခဲ့ရတယ်။ ဒါကြောင့် လူငယ်တွေကို သတင်းစာ အကြောင်း သိရအောင် သတင်းစာပညာ သောင်းပြောင်းထွေလာ ဆိုတာ အရင်ဆုံး စရေး ခဲ့တာပဲ။ ဒါဟာ အင်မတန် အရေးကြီးတယ်လို့ ခံယူ ထားတာပါ။ သတင်း စာတစောင်ဟာ တိုင်းပြည်မှာ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်ကြတဲ့ အတိုင်းပေါ့။ တိုင်းပြည် တပြည်မှာ အလွန် အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်ပါတယ်။ ဒါကြောင့် ဒီသတင်းစာ အလုပ်ကို ဆရာတကယ် မြတ်နိုးပါတယ်။ တသက်လုံး ဒီအလုပ်က လွဲလို့ ဘယ်အလုပ်မှ မလုပ်ခဲ့ ဖူးပါဘူး။ အခု ထက်ထိလည်း ဒီစာရေးတဲ့ အလုပ်ပဲ လုပ်နေဆဲပါ။ ပျမ်းမျှ တနေ့ကို နှစ်ပုဒ်လောက် ရေးနေတာပါ။ ရေးသမျှရဲ့ More than 50 Percent ဟာ Journalism နဲ့ ပတ်သက်တာတွေ ချည်းပါပဲ။”
ဆရာ လူထု စိန်ဝင်း၏ ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်များ
- စကား မာရသွန် – ၁၊ ပင်ဝါးရုံ စာပေ၊ ပ – အကြိမ်၊ ၂ဝဝ၇ ခုနှစ်၊ သြဂုတ်လ
- စကား မာရသွန် – ၂၊ ပင်ဝါးရုံ စာပေ၊ ပ – အကြိမ်၊ ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလ
- စာနယ်ဇင်း အရေးအသား ပုံစံသစ်
- စီးပွားရေး လုပ်ငန်းများနှင့် ကြော်ငြာ အတတ်ပညာ
- စောမိုးခမ်း
- ဆာယိုနာရာ
- တောင်ဗီယက်နမ်မှ ငရဲခန်းများ
- နန်းစကား၊ မန်းစကား၊ မြန်မာတို့ရဲ့ မြန်မာစကား
- ပထမ အမျိုးသမီး လမ်းထွင်သူများ
- ဖတ်စရာ၊ ပင်ဝါးရုံ စာပေ၊ မေလ၊ ၂ဝဝ၇
- မသန်ပေမဲ့ စွမ်းသူများ၊ ပင်ဝါးရုံ စာပေ
- မူပိုင်ခွင့်၊ ပင်ဝါးရုံ စာပေ၊ ၂ဝဝ၅
- မော်ဒန် လက်ဖက်ရည် ပန်းကန်ထဲက မုန်တိုင်းငယ်
- လူငယ်နဲ့ တာဝန် ယူစိတ် (လူငယ် လမ်းညွှန် စာစုများ)၊ Future Publishing House၊ ၂ဝဝ၎
- လူငယ်နှင့် အချစ်၊ ၁၉၉၈
- လူငယ်များသို့ ကဗျာလက်ဆောင်
- ရှက်စိတ်၊ ယနေ့ မန္ဈလေး စာအုပ်တိုက်
- သတင်းစာပညာ သောင်းပြောင်းထွေလာ
- အဖြူနဲ့ အမည်း
- အဖြူနဲ့ အဝါ
- အလံမလှဲစတမ်း၊ လင်းဦးတာရာ စာပေ၊ ပ – အကြိမ်၊ စက်တင်ဘာ၊ ၂ဝဝ၆
- အရှက်နှင့်တန်ဖိုး
(အညွှန်း – https://www.myanmarisp.com/Writer-Biography/writer0029

No comments:

Post a Comment