Tuesday, November 20, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမား တွေ့ဆုံ

AddThis Social Bookmark Button

obamats
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ အတွင်း၌ တွေ့ဆုံစဉ် (Photo:AFP)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားတို့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရာတွင် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ ပါဝင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတကြီး အိုဘားမားသုံးစွဲခဲ့သည့် စကားအတိုင်း မိမိတို့သည် ရှေ့သို့ ဆက်လက်လျောက်လှမ်းသွားရမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
   နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားရာတွင် ''ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည် ထောင်စုဟာ လွှတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ် ကတည်းက သံတမာန် ဆက်သွယ်ခဲ့တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အစောဆုံး သံတမာန်ဆက်ဆံခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဟိုးတုန်းကလည်း ရင်းနှီးချစ်ခင်စွာ ကျွန်တော်တို့ ဆက်ဆံလာခဲ့ကြတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်ကာလမှာ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးက အကြောင်းကြောင်းကြောင့် ကျွန်တော်တို့ကို အခက်အခဲတွေ ကြုံ တွေ့ခဲ့ ရပါတယ်။ သို့သော်လည်း မစ္စတာအိုဘားမား သမ္မတဖြစ်လာတဲ့နောက်ပိုင်းမှာ ဒီသမ္မတကြီးရဲ့ အမြော် အမြင်ကြီးမားမှု၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ သံအမတ်ကြီးတို့ရဲ့ ၀ိုင်းဝန်းကြိုးပမ်း အားထုတ်မှုကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ထူးထူးခြားခြား ကောင်းမွန်လာပါတယ်။ ဒီလိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ရေရှည်တည်တံခိုင်မြဲအောင် ကျွန်တော်တို့ ရှေ့ကိုဆက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ရှေ့ကိုကျွန်တော်တို့ ဆက်ပြီးတော့ နိုင်ငံအချင်းချင်း တန်းတူညီတူ ရှိမှု၊ စာနာမှု၊ တန်ဖိုးထားမှု ဒါတွေနဲ့ ရှေ့ကိုဆက်ပြီး သွားရမှာပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက အမေရိကန်နိုင်ငံနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ရှင်သန်ဖွံဖြိုးရေး၊ လူ့အခွင့်အရေး ဒါတွေကို ကမ္ဘာ့စံချိန်၊ စံညွန်းတွေနဲ့မီအောင် ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ လူမျိုးတွေရဲ့ အရည်အသွေးတွေ အဆင့်အတန်းတွေ မြင့်မားအောင် ပညာရေး၊ ကျန်းမာရေး နောက်တစ်ခုက ၀န်ထမ်းတွေရဲ့ အရည်အသွေး မြှင့်တင်ရေးတို့ ဒီကိစ္စတွေနဲ့ ပတ်သပ်ပြီးတော့လည်း အမေရိကန်နိုင်ငံနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် သမ္မတကြီးဆီက သဘောတူညီချက်ကို ကျွန်တော်တို့ ရရှိလိုပါတယ်။ ဒီကနေ့ ကျွန်တော်တို့နှစ်ဦး တွေ့ဆုံဆွေးနွေးမှုရဲ့ အကျိုးရလာဒ်တွေကို မြန်မာပြည်သူတွေ ထိုက်ထိုက်တန်တန်နဲ့ ခံစားနိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းပြီးတော့ ဆောင်ရွက်သွားပါမယ်။ အခုလိုဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့က အမေရိကန်သမ္မတကြီးရဲ့ အမျော်အမြင်ကြီးမားမှု၊ နောက်တစ်ခါ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ကြိုးပမ်းဆောင်ရွက်ပေးမှု၊ သံအမတ်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် ကျွန်တော်တို့ ဒီလို တိုးတက်ကောင်းမွန်လာတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း အားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ သမ္မတကြီး သုံးစွဲခဲ့တဲ့ စကားအတိုင်းပါဘဲ။ ကျွန်တော်တို့လည်း move forward ဆိုပြီး သွားရမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
      အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၄င်း၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ နာရီဝက်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း ပါဝင်ကြောင်း သိရသည်။

ခေါင်းဆောင်နှစ်ဦးသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း တွေ့ဆုံဆွေးနွေးပြီးနောက် ပြည်တွင်းပြည်ပ မီဒီယာများအား တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ မှတ်ချက် စကားများ ပြောကြားခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဦးစွာ ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားက ဆက်လက် ပြောကြားခဲ့ပါသည်။

"ကျွန်မ အမေရိကန်သမ္မတ အိုဘားမားကို ကျွန်မတို့နိုင်ငံ ကျွန်မရဲ့ အိမ်မှာ ကြိုဆိုရတာ အရမ်းဝမ်းသာပါတယ်။ ကျွန်မတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ သမိုင်းရှည်ကြာစွာ ကတည်းက တည်ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ ထောက်ခံခဲ့ပါတယ်။ ရှေ့မှာရှိနေတဲ့ ခက်ခဲတဲ့ နှစ်များတစ်လျှောက်လုံးမှာလည်း ဒီထောက်ခံမှုမျိုး ဆက်လက်ရှိနေလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ မည်သည့် အကူးအပြောင်းတွင်မဆို အခက်ခဲဆုံး အချိန်ကာလမှာ အောင်မြင်မှုကို မြင်တွေ့ရပြီလို့ထင်တဲ့ အချိန်ပါပဲ။ ကျွန်မတို့ အနေနဲ့ အောင်မြင်မှု တံလျှပ်ရဲ့ ဖျားယောင်မှု မခံရဖို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။ စစ်မှန်သော အောင်မြင်မှုတွေ ရဖို့အတွက် ကျွန်မတို့ နှစ်နိုင်ငံ အကြားနှင့် ပြည်သူနှစ်ရပ် အကြား ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ လုပ်ရမယ့် ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်ရပါမယ်။ သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ဖြစ်ထွန်းစေပြီး မြန်မာနိုင်ငံရဲ့ ဦးတည်ရာကိုလည်း မှန်ကန်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်မအနေနဲ့ အမေရိကန်ပြည်ထောင်စု အစိုရနဲ့ တတ်နိုင်သမျှ ဆက်သွယ်ဆောင်ရွက်သွားပါမယ်။" ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

"မြန်မာနိုင်ငံ ခရီးစဉ် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး အရှိန်အဟုန် ကို ထိန်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒီထဲမှာ ယုံကြည်စိတ်ချရသည့် အစိုးရ အဖွဲ့အစည်းများ တည်ထောင်ခြင်း တရားဥပဒေစိုးမိုးရေး ဖေါ်ဆောင်ခြင်း၊ တိုင်းရင်းသား ပဋိပက္ခများ ချုပ်ငြိမ်းခြင်း၊ မြန်မာပြည်သူများ ပညာရေး၊ ကျွန်န်းမာရေး စောင့်ရှောက်မှုနဲ့ စီးပွားရေး အခွင့်အလမ်းများ ပိုမိုရရှိစေရေး သေချာစေခြင်းတို့ ပါဝင်ပါတယ်။ ကျွန်တော်အနေနဲ့ ဒီနိုင်ငံက ပြည်သူတွေကို ကတိ ပေးချင်ပါတယ်။ ဒီကတိကို ကျွန်တော်တို့အနေနဲ့ ထိန်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါက ဘာလဲ ဆိုတော့ တစ်ကယ်လို့များ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့ တိုးတက်မှုများ ဆက်တိုက် မြင်တွေ့ရမယ်ဆိုပါက ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးမှုတွေဟာလည်း ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်မှု ရဖို့အတွက် ကျွန်တော်တို့ အနေနဲ့ တတ်နိုင်သမျှ အားလုံးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု အမေရိကန် သမ္မတ အိုဘားမားက ပြောကြားခဲ့ပါသည်။

No comments:

Post a Comment