Friday, July 6, 2012

အမှတ်တရမင်္ဂလာပွဲနဲ့ မေ့မရနိုင်တဲ့ ၇ ရက်ဇူလိုင်


 
ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့ရဲ့  သမီးဦးလေးကို ပြေသုန္ဒြာလို့ နာမည် မှည့်ကြောင်း ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရပါတယ်။
    သြော်-ဦးလေးဗိုလ်ဇေယျ (ဗိုလ် ဇေယျ၊ ရဲဘော်သုံးကျိပ်)ရဲ့ မြေး၊ အိန္ဒြာကျော်ဇင်ရဲ့ သမီးလေး နာမည် မှည့်တဲ့ အချိန်တောင် ရောက်လာပါပြီ လား။ အချိန်တွေက အကုန်မြန်လိုက် တာနော်။
      ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မင်္ဂလာဆောင်ကို ဒေါ်ခင်မြတ်သူ (ဗိုလ်မြင့်ဆွေရဲဘော်သုံးကျိပ်ဇနီး) လာဖိတ်ခဲ့တုန်းက ဦးလေး ဗိုလ်ဇေယျ မြေးတောင် မင်္ဂလာဆောင်ချိန် ရောက် ပါပေါ့လားလို့ ကျွန်မတွေးမိခဲ့ပါသေး တယ်။
    မြေးမင်္ဂလာဆောင်ကို ဦးလေး ဗိုလ်ဇေယျရဲ့ သမီးအကြီးဆုံး မခင်မာ လာ(ဟေမာနေဝင်းမိခင်)က ဖိတ်ခိုင်း လိုက်ကြောင်း ကျွန်မ သိရပါတယ်။ မမခင်မာလာလို့ ပြောလိုက်တာနဲ့ ကျွန်မ မမခင်မာလာရဲ့ မင်္ဂလာနေ့ကို ချက်ချင်းသတိရမိလိုက်တယ်။
    ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက် နေ့ကို ကျွန်မ ဘယ်မေ့နိုင်ပါ့မလဲ။ အဲဒီအချိန်က မြန်မာ ရုပ်ရှင် မင်းသား ထဲမှာ ကောလိပ်ဂျင်နေဝင်းက တော် တော့်ကို နာမည်ကြီးနေတဲ့အချိန်ပေါ့။
    အိမ်က အဒေါ်တွေနဲ့ ကျွန်မ တို့တစ်တွေ ကောလိပ်ဂျင်နေဝင်း ကား အသစ် ရုံတင်ရင် သွားကြည့် တတ်ကြတယ်။ အမူအရာဟန်ပန် ပြောပုံ ဆိုပုံပိုင်လွန်းလို့ အဒေါ်တွေက ကြိုက်ကြောင်းပြောကြပါတယ်။
    မမခင်မာလာဟာ ဖေဖေနဲ့ မေမေ တို့ရဲ့ သမီးတစ်ယောက်လို ဖြစ် ကြောင်း။ ဦးလေးဗိုလ်ဇေယျမရှိ တော့တာကြောင့်  ပိုဂရုစိုက်ရမှာဖြစ် ကြောင်း။ မင်္ဂလာဦးနေ့မှာ ရင်းနှီးသူ တချို့ကိုဖိတ်ပြီး  အိမ်မှာ ညစာကျွေး မှာဖြစ်ကြောင်း၊ ဖေဖေနဲ့မေမေက ကျွန်မတို့တစ်တွေကို ပြောပါတယ်။
    အန်တီတို့ကလဲ မမခင်မာလာ ကောလိပ်ဂျင်နေဝင်းနဲ့ လက်ထပ်မယ့် အကြောင်းသိရတော့ မေမေ့ကို သူတို့ သိချင်တာတွေ ထပ်မေးတော့ပြန် တာပေါ့။ ဇူလိုင်လ ၇ ရက်  နေ့ မနက်မှာ ဖေဖေနဲ့ မေမေတို့က သတို့သမီး ဘက်မှ လူကြီးများအဖြစ်  တရားရုံး တော်မှာသွားပြီး အသိသက်သေ လက်မှတ်ထိုးပေးကြမှာ ဖြစ်ကြောင်း။ ညနေဘက်မှာတော့ သတို့သားနဲ့ သတို့သမီးတို့ကို ညစာထမင်း အိမ်မှာ ကျွေးမှာဖြစ်ကြောင်း မေမေက ပြောပြ ပါတယ်။
    အန်တီတို့နဲ့ ကျွန်မတို့က ဒီ အကြောင်းကြားတော့ ဝမ်းသာသွား ကြတာပေါ့။ နာမည်ကျော် ရုပ်ရှင် မင်းသားတစ်ယောက် အိမ်ကို လာ မှာကိုး။ အဲဒီည အိမ်မှာလုပ်တဲ့ ထမင်း စားပွဲကို လူရင်းနည်းနည်းပဲ ဖိတ် တယ်လို့ ကျွန်မ မှတ်မိပါတယ်။ လာ မယ့် ဧည့်သည်တွေက သတို့သားနဲ့ သတို့သမီး မမမာလာရဲ့ မိခင် အန်တီ တင့်(ဒေါ်ခင်တင့်)၊ ဒဂုန်တာရာ (ဦးဋ္ဌေးမြိုင်) နဲ့ နောက်နှစ်ယောက်၊ သုံးယောက်လို့ မှတ်မိနေပါတယ်။သတို့သမီးရဲ့ဖခင် ဦးလေးဗိုလ်ဇေယျရဲ့ ဆွေမျိုးတွေလို့လဲ ကျွန်မ ပြောသံ ကြား မိခဲ့တယ်။
    ကျွန်မရဲ့ အစ်ကိုနဲ့ မမခင်မာ လာတို့က အသက်မတိမ်းမယိမ်း ဖြစ်ကြပြီး သိကျွမ်းကြပါတယ်။ ကိုကိုက အဲဒီညမှာ မမမာလာတို့ လာကြမှာကို သိတဲ့အခါ အဲဒီညနေ ဘက် အပြင်မထွက်တော့ဘူးလို့ ကျွန်မကို  ပြောပါတယ်။
    ဒါကို ကြားတော့ ကျွန်မ တော် တော်လေး အံ့သြသွားပါတယ်။ ကိုကိုက နေ့စဉ် ညနေရေမိုးချိုးပြီးရင် လှည်းတန်းဘက် လမ်းလျှောက်သွား တတ်စမြဲပါ။ လှည်းတန်းမှာ သူငယ် ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာ ဆုံကြပြီး လက်ဖက်ရည် သောက်ကြ၊ စကားစမြည်ပြောလေ့ရှိကြလို့ပါပဲ။ နေ့စဉ်မပျက်မကွက် သွားတတ်တာ ကြောင့် ကျွန်မက-
    ''ကိုကိုနေ့တိုင်း လက်ဖက်ရည် ဆိုင်ထိုင်ရတာ မပျင်းဘူးလား။ပြော စရာစကားတွေ ကုန်မသွားဘူးလား'' လို့ မေးမိသေးတယ်။
    ကိုကိုက ကျွန်မကိုပြန်ပြီး
    ''မင်းမသိပါဘူးကွာ။လက်ဖက် ရည်သောက်တာက အဓိကမဟုတ် ဘူး။ စကားပြောရတာကိုက အရသာ ပဲ။ ဒါကြောင့် နောက်က ရေနွေး ကြမ်းအိုးက ထည့်မလောက်ဖြစ်ရတာ ပေါ့''လို့ ပြောခဲ့တာပါ။
    ဒါပေမယ့် အဲဒီနေ့က ကိုကို တစ်ယောက် မမမာလာကို မတွေ့ဖြစ် လိုက်ပါဘူး။ ကိုကို ရေမိုးချိုးပြီးတဲ့ အချိန်မှာ သူငယ်ချင်းတစ်ယောက် လာပြီးခေါ်တာနဲ့ ပါသွားပါတော့ တယ်။ ကျွန်မကိုတော့ မသွားခင် ထမင်းဟင်းတွေ ချန်ထားပေးဖို့ မှာ သွားခဲ့ပါသေးတယ်။
    ကိုကိုထွက်သွားပြီး မကြာခင် မှာ ဧည့်သည်တွေ ရောက်လာကြပါ တယ်။ ဧည့်သည်တွေ ဧည့်ခန်းမှာ  ထိုင်နေကြစဉ် အန်တီနဲ့ ကျွန်မတို့ က အဖျော်ယမကာ၊အအေး၊ ရေ၊ အမြည်း၊ ဝါးစရာတွေ ချပေးကြရပါ တယ်။
    ဖေဖေတစ်ယောက်သူငယ်ချင်း  အစား မိဘသဖွယ် မိဘတို့ ဝတ္တရား  အတိုင်း မမမာလာကို လက်ထပ် ထိမ်းမြားပေး ရတာကို ပျော်နေပုံပေါ် ပါတယ်။ ဧည့်ခန်းထဲက ရယ်သံမော သံတွေ ကြားနေရပါတယ်။ ကျွန်မ တို့က ညစာခင်းကျင်း ဧည့်ခံဖို့ ထမင်းစားခန်းမှာ ပြင်ဆင်နေကြရ တာပါ။
    ညစာထမင်း ခင်းကျင်းပြီးသွား တော့ ထမင်းခူးပြီးကြောင်း ဖေဖေ့ကို သွားပြောလိုက်ပါတယ်။  ဖေဖေနဲ့ မေမေက ဧည်သည်တွေကို  ထမင်း စားခန်းထဲ ဦးဆောင်ခေါ်လာပြီး နေရာချပေးပါတော့တယ်။ အားလုံး နေရာတကျထိုင်ပြီး နောက်မှာတော့ ထမင်းစစားကြပါတယ်။
    ထမင်းစားရင်း စကားပြောကြ ဆိုကြ ရယ်ကြနဲ့ ထမင်းစားပွဲလေး က စိုစိုပြည်ပြည် ရှိနေပါတယ်။ အန် တီက ဝတ္တရား မလစ်ဟင်းရလေ အောင် ဟင်းပွဲတွေလိုက်ဖြည့်နေရ သလို ကျွန်မမှာလဲ ထမင်းစားခန်းနဲ့ မီးဖိုးထဲ သွားချည်လာချည်နဲ့ အလုပ် များနေပါတော့တယ်။ ဒါပေမယ့် အား လုံးက မမောနိုင်ဘဲ ပျော်ပျော်ရွှင်ရွှင်  ရှိနေကြတာပါ။
     ဧည့်သည်တွေ ထမင်းစားနေ ချိန်မှာ ဗြုန်းဆို တက္ကသိုလ်ဝင်းဘက် က သေနတ်သံတွေကို စကြားရပါ တော့တယ်။ သေနတ် သံတွေ ဆက်ပြီး ကြားတဲ့အချိန်မှာ မေမေက တက္က သိုလ်ရေကူးကန်မှာ ရေးကူးဖို့ ထွက် သွားတဲ့ ကိုကို့ကို စိုးရိမ်ပူပန်လာတော့ တာပေါ့။ အားလုံးကလဲ-
    ''ဘာများဆက်ကြားမလဲ''
    ''ဘာများသိရမလဲ''လို့ နားစွင့် နေကြပါတော့တယ်။
    တကယ်တော့ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ တက္ကသိုလ် ကျောင်းသားတွေက သူတို့ All Burma Student's Federation of Unions - ABSFU ကိစ္စတွေမှာ စစ်ဘက်က စွက်ဖက်တာကို မကျေနပ်တာကြောင့် ဆန္ဒပြခဲ့ကြတာပါ။
    ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်လာပြီး တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ရန်ကုန်တက္ကသိုလ်ကို အုပ်ချုပ်တဲ့ အဖွဲ့ အစည်းတွေကို တင်းကျပ်စွာ ချုပ်ကိုင်လာခဲ့တယ်။ ယူနီဗာစီတီ ကောင်စီ- University Council  ခေါ် အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ကို ဖယ်ရှားလိုက်ကြ တယ်။ ဒါ့အပြင် တော်လှန်ရေးကောင်စီက တက္ကသိုလ်ဥပေဒပြု ဆီနိတ်- University Senate နဲ့ အဆောင်ကော်မတီ- Hostel Committee  တို့ကိုလဲ ပြန်လည် ဖွဲ့စည်းလိုက်ကြတယ်။ တက္ကသိုလ်အတွင်း စည်းမျဉ်း သစ်တွေကို လဲ ထုတ်ပြန်လိုက်ပါတယ်။
    ဒါကြောင့် အားလုံး စိုးရိမ်တကြီးဖြစ်နေကြတုန်း ညနေ ၆ နာရီခွဲ လောက်မှာ ကိုကို့သူငယ်ချင်း တစ်ယောက်က အိမ်ကို ဖုန်းဆက် လာပါ တယ်။ သူ့အပြောအရ ကိုကို့ပေါင်မှာ သေနတ်ထိမှန်သွားကြောင်း သိရတော့ မေမေလဲ ဧည့်သည်တွေကိုခွင့်ပန်ပြီး ကိုကို့နောက် လိုက်သွားပါတယ်။ ဧည့်သည်တွေလဲ ထမင်းစားတာကို လက်စသတ်လိုက်ကြပြီး ဧည့်ခန်း ဘက်ပြန်ပြောင်းပြီး ထိုင်ကြပါတယ်။ ဧည့်ခန်းမှာပဲ ထိုင်ကြပြီး စကားစမြည် ပြောနေကြပါသေးတယ်။ ဒါပေမယ့် စကားသံတွေက အိမ်ကိုရောက်စ ကလို သွက်သွက်လက်လက် ဆူဆူညံညံမရှိတော့ပါဘူး။ ဧည့်သည်တွေလဲ သိပ်မကြာပါဘူး။ တစ်ယောက်ပြီး တစ်ယောက်  ပြန် သွားကြတော့တာပါ ပဲ။ မမမာလာရဲ့ စိတ်ထဲ ဘယ်လိုနေမလဲတော့ ကျွန်မ မသိပါဘူး။ ကျွန်မတော့ မမမာလာရဲ့ မင်္ဂလာနေ့ကို အမြဲမှတ်မိနေပါတော့တယ်။
ဒေါက်တာ ခင်လက်ျာ
 

No comments:

Post a Comment